Saturday, December 5, 2009

မိုက်နောင်တ

ပတ်ဝန်းကျင်နဲ့ အရာအားလုံးကို
မေ့ပျောက်လောက်အောင်
ပန်းတစ်ပွင့်ကို မြတ်နိုးလိုက်မိတယ်၊

ကျွန်တော်မြတ်နိုးတဲ့ ပန်းတစ်ပွင့်ကို
လက်လှမ်းယူဖို့ ကြိုးစားလိုက်တာ
မေမေနဲ့ မွေးချင်းအားလုံးကို
စုံကန်လိုက်မိတဲ့ အထိပေါ့၊

ဘဝတစ်ခုရဲ့ ပန်းတိုင်ဆီကို
ယုံကြည်မှုတွေနဲ့ လျှောက်လှမ်းခဲ့တာ
ပန်းတစ်ပွင့်ကို မျှော်လင့်လို့ပေါ့၊

မိခင်ဝမ်းကလွတ်ခါစ ကလေးတစ်ယောက်ရဲ့
ပထမဆုံးချေတစ်လှမ်းမှာ
ခလုပ်တိုက်မိလို့ ကျလာတဲ့မျက်ရည်တွေက
ဘဝတစ်ခုလုံးကို သေဆုံးသွားတဲ့ထိပေါ့၊

ပန်း.........
ကျွန်တော်
မနမ်းခင်က နွမ်းနေရင်လဲ ကျေနပ်ပါတယ်
မေမေပြောခဲ့ဖူးတာပေါ့
“မကြုံဖူးတော့ ရှုးတတ်တယ်
သမင် ဆယ်လှမ်း ကျားတစ်လှမ်း”တဲ့၊

ကျွန်တော်ချစ်တဲ့ ပန်း..............
ခပ်လှမ်းလှမ်းပေမို့ လက်လှမ်းလို့ ကြိုးစားမိတာ
အလွမ်းမပြေသမျှ မျက်ရည်တွေက...!
ပတ်ဝန်းကျင်နဲ့ အရာအားလုံးကို
မေ့ပျောက်လောက်အောင်ပါပဲ
ပန်းတစ်ပွင့်ကို မြတ်နိုးခဲ့မိတာကိုပေါ့.............။

No comments:

Post a Comment